ရန်ကုန် ဖေဖော်ဝါရီ ၁၈
အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီဧကူနဝီသတိမအစည်းအဝေး၊ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေးနှင့်နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးများကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၊ ရန်ကုန်ရုံးခွဲဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာအစည်းအဝေးကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌသာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်အောင်က အဖွင့်အမှာစကားပြောကြားပြီး သာသနာရေးဦးစီးဌာန သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ညွှန်ကြားရေးမှူးဦးမျိုးဝင်းအောင်က ကြိုတင်ပြင်ဆင်ထားမှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအလိုက်ဆွေးနွေးတင်ပြရာ သံဃာ့အစည်းအဝေးများကျင်းပရေးဆပ်ကော်မတီ၊ ကြိုဆိုပင့်ဆောင်ရေးနှင့်နေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဆွမ်းကွမ်းဝေယျာဝစ္စဆောင်ရွက်ရေးဆပ်ကော်မတီ၊ သံဃာ့အစည်းအဝေးများသို့ သံဃာတော်များပင့်ဆောင်ရေးဆပ်ကော်မတီ၊ ကြိုဆိုပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီတို့က မိမိတို့ပါဝင်ဆောင်ရွက်ရမည့်ကဏ္ဍအလိုက်လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး အထွေထွေဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌသာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်အောင်က အထွေထွေတင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)