မြစ်သားမြို့နယ် ကင်းတားတမံရေလွှဲဆည်မှ နွေသီးနှံအတွက် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး

မြစ်သား ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ကင်းတားတမံရေလွှဲဆည်မှ ဆည်ရေများကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှစတင်ပြီး စိုက်ပျိုးရေများဖြန့်ဝေပေးနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။

မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသတွင်း သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်မြင့်မားစေရေးအတွက် ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစွာရယူသုံးစွဲနိုင်ရန် နှစ်စဉ်ကင်းတားရေလွှဲဆည်မှ ဆည်ရေများကို စမာမြောင်းနှင့်ပန်း လောင်မြောင်းကြီးတို့မှတစ်ဆင့် လယ်ယာမြောင်းခွဲများမှ စိုက်ခင်းများ အရောက်စနစ်တကျ ရေဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများ နွေစပါးနှင့်အခြားနွေသီးနှံအချိန်မီစိုက်ပျိုး သွားနိုင်ရေးအတွက်  စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီအတွက် ဒေသရှိတောင်သူ များနွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးနေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် ဆည်ရေပေးဝေမှုအနေနဲ့ဆည်ရေသောက်သီးနှံများဖြစ်သည့်နွေစပါး၊ နွေနှမ်းနှင့် အခြားနွေသီးနှံများအတွက် ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှဇွန်လ (၂၅)ရက်နေ့အထိဖြန့်ဝေပေးသွားမည်ဖြစ်ရာ ဒေသခံတောင်သူများက  စိုက်ပျိုးရေများရယူသုံးစွဲရာတွင်ဆည်ရေလေ လွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျရယူသုံးစွဲကြဖို့ ကြိုတင်အသိပေးနှိုးဆော်ထားကြောင်း မြစ်သားမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်

ဝင်းမင်းထွန်း(ပြန်/ဆက်)