ကျောက်ဆည်မြို့တွင် သံပုယိုသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင် ဈေးကောင်းရရှိ

ကျောက်ဆည် ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံပုယိုသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင် ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးရောင်းချသူများ လူမှုစီးပွားဘဝအဆင်ပြေလျက်ရှိကြောင်း သံပုယိုစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

သံပယိုပင်သည် နှစ်ရှည်အပင်မျိုးဖြစ်ပြီး အစိုဓာတ်မပြတ်ရေသွင်းပေးရပြီး နှုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်းနှင့် အပင်အပြု အစုကောင်းပါက နှစ်ပတ်လည်နီးပါး အသီးသီးကာ ခူးဆွတ်ရောင်းချရာတွင်  ရက်ခြားခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိသော အပင်အမျိုးအစားဖြစ်ကြောင်း၊ ရောင်းချရာတွင် ကိုယ်တိုင်ဆွတ်ခူးပြီး မန္တလေးကုန်စိမ်းဈေးတွင် သွားရောက်ရောင်းချကြောင်း ရောင်းဈေးအနေနှင့် သီးလုံးသန့်ရှင်းမှုနှင့် အကြီးအသေးအပေါ်မူတည်ပြီး (၃)တင်းဝင်အိပ်(၁)အိပ်တွင် ငွေကျပ်(၆၀၀၀၀)ကျပ်  ရောင်းချရကြောင်း“ ဥယျာဉ်ကျေးရွာမှ သံပယိုစိုက်ပျိုး ရောင်းချသူ ကိုတာက ပြောပြသည်။

သံပယိုပင်စိုက်ပျိုးမည်ဆိုပါ လေဝင်လေထွက်နှင့် အပင်ကိုင်းဖျာထွက်မှုကောင်းစေရေး၊ နေရောင်ခြည် အပြည့်အဝရှိစေရေး တစ်ပင်နှင့်တစ်ပင် (၅)ပေမှ(၈)ပေအထိ ခြား၍အကွက်ကျ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးပင်စိုက်နှင့်ကိုင်းကူးစိုက်ဟူ၍ (၂)မျိုးရှိကြောင်း ကိုင်းကူးမျိုးစိုက်ပျိုးပါက စိုက်ပျိုးပြီး (၈)လအကြာတွင် အပွင့်များစတင်ပွင့်ပြီး (၁)နှစ်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရ ကြောင်း စိုက်ပျိုးပြီးပါက အပင်ကြီးထွားမှုနှင့် အသီးသီးနှုန်းကောင်းစေရန်အတွက် ပေါင်းမြက်များနှင့် မလိုအပ်သည့် ကိုင်းအခြောက်များကို ရှင်းပေးရကြောင်း ဆေးဖျန်းခြင်း၊ အာမိုမြေဩဇာကျွေးခြင်း ရေတင်ပေးခြင်းများ ဂရုပြုဆောင်ရွက်ရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)