တောင်ကြီး ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဦးတည်ချက်ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့်လည်း အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက် အချိန်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန်နှင့် လူငယ်မောင်မယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အားကစားအသိစိတ်ဓာတ်များ ပိုမိုသက်ဝင်လာခြင်းမှသည် တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးတည်ဆောင်ရွက်ရန်၊ မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းဖြင့် ထူးချွန်သောအားကစားသမားများ ရှာဖွေရရှိနိုင်ရန် စသည့် ရည်ရွယ်ချက်များနှင့် နွေရာသီအခြေခံအားကစားသင်တန်းတွေကို သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် အောင်မြင်စွာဖွင့်လှစ်သွားရန်လိုပါကြောင်း၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာနအပြင် အခြားဌာနအသီးသီးကလည်း ပူးပေါင်းကူညီပေးမှသာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးကျော်ကျော်သိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Online ဖြင့် တက်ရောက်လာသူများက နွေရာသီသင်တန်းဆောင်ရွက်မည့်အခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)