တောင်ကြီးမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

တောင်ကြီး ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များ၌ အကြမ်းဖက် ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တောင်ကြီးခရိုင်၊ စီမံအုပ်ချုပ်ရေး‌ကောင်စီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တောင်ကြီးမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀/-) နှုန်းဖြင့် ပြည်သူ (၃၀၇၆၅) ဦးအတွက် တောင်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူးအားလည်းကောင်း၊ ရပ်စောက်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ပြည်သူ (၃,၀၉၉) ဦးအတွက် ရပ်စောက်မြို့နယ် အုပ်ချုပ်ရေးမှူးအား လည်းကောင်းပေးအပ်ခဲ့သည်။

ထို့နောက် တောင်ကြီးမြို့နယ်အတွင်း ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသက်ဦး၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဌေးရွှေ၊ တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်မောင်ဝင်း၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်သူနှင့် ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်တို့က နေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် (၂၀,၀၀၀/-) ကျပ်နှုန်းဖြင့် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ တောင်ကြီး ခရိုင်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူ ကျား (၁၄,၇၄၆) ဦး၊ မ (၁၉,၁၀၉) ဦး၊ စုစုပေါင်း (၃၃,၈၅၅) ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၂၀,၀၀၀/-) နှုန်းဖြင့် ငွေကျပ် (၆၇၇.၁) သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ နေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀,၀၀၀/-) နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် နေရပ်စွန့်ခွာ ပြည်သူ (၉၇၂၅၃) ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် ထောက်ပံ့ငွေကျပ် (၁၉၄၅.၀၆) သန်း ထောက်ပံ့ပေးအပ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ ဆက်လက်ထောက်ပံ့ ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)