အင်းစိန် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ကြီးကြပ်မှု တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ရုံးများရှိ ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်သစ်တောဦးစီးဌာနနှင့် အင်းစိန်ခရိုင် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း ရပ်ကွက်၊ သစ်တောဝန်းအတွင်းရှိဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာန မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းက အမှာစကားပြောကြားခဲ့ပြီး အင်းစိန်ခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဦးစီးရုံးချုပ်ပစ္စည်းသိုလှောင်ရုံဝန်းအတွင်းရှိ ဆီကန်နှင့်ဆီဂိုဒေါင်များနေရာ၌ အင်းစိန်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ပြသခြင်း၊ ဖုံး၊ အုပ်၊ ငြှိမ်း၊ သတ်ပြသခြင်း၊ 3D မီးသတ်ပိုက်ခေါင်းအသုံးပြု၍ လက်တွေ့ပြသခြင်းနှင့် မီးသတ်ဆေးရည်ဖြင့် မီးငြှိမ်းသတ်ခြင်းများအား တက်ရောက်လာကြသည့်သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များအား လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်ဆက်)