ညောင်ဦး ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဈေးကွက်သို့စတင် ဝင်ရောက်လာနေပြီး မန်ကျည်းလှောင်ပွဲစားများ မန်ကျည်းသီးမှည့်များ စတင်ကောက်ယူနေပြီ မန်ကျည်းအသားတစ်ပိဿာ ၆၀၀၀ ကျပ်၊ မန်ကျည်းအလုံး တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၁၀၉)အုပ်စုရှိပြီး၊ ကျေးရွာပေါင်း (၃၃၉) ရွာ ရှိကာ ကျေးရွာတိုင်းတွင် မန်ကျည်းပင်၊ မန်ကျည်းတောများ အင်မတန်ပေါများကာ မကျည်းသီး သီးနှုန်းမှာလည်း ယခုနှစ်အသီးသီးနှုန်းကောင်းမွန်ပြီး၊ မန်ကျည်းသီးဆွတ်ခူး ရောင်းချိန် မန်ကျည်းသီးအငှားဆွတ်လိုက်သူများ၊ မန်ကျည်းအငှားကောက်သူများလည်းတစ်ရက် ၁၅၀၀၀ ကျပ်ရရှိနေကြကြောင်း ညောင်ဦးမြို့နယ် ထီးပုကျေးရွာ မန်ကျည်းအငှားလိုက်ဆွတ်ပေးသည့် ဦးသန်းနိုင်ထံမှ သိရသည်။
မန်ကျည်းပင်များ အပင်ပေါက်မှ အပွင့်ပွင့်အသီးသီးချိန်ထိ နှစ်နှစ်ဆယ်ခန့်ကြာမြင့်ပြီး မန်ကျည်းပင်၊ ပင်ပျိုရောက်ရှိရန် နှစ်နှစ်ဆယ်ခန့်ကြာမြင့်ကြောင်း၊ မန်ကျည်းပင်များ သပ်သပ် စိုက်ပျိုးမှုမရှိပဲ အိမ်ခြံစည်းရိုး၊ ယာခြံစည်းရိုးများမှအပင်ကြီးများသာ ထားရှိကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်ထွက် မန်ကျည်းသီးများအနက် နတ်ကန်လည်၊ လျှော်တော၊ ပြင်မကျီး၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ ကျေးရွာထွက် မကျည်းသီးများသည် မန်ကျည်းအသားပါရှိမှု များခြင်း၊ မကျည်းအတောင့် (အဆစ်)ရှည်ခြင်းများကြောင့် ပွဲစားများအကြိုက်ဖြစ်ကာ မန်ကျည်း ဈေးနှုန်းမှာလည်း အခြားဒေသထွက် မကျည်းများထက် ဈေးနှုန်းပိုပေးဝယ်ယူရကြောင်း သိရသည်။
ရှေးဘိုးဘွားများအဆိုအရ မကျည်းတစ်လှည့်၊ ဆီးတလှည့်ဟု ဆိုခဲ့သော်လည်း နှစ်စဉ်နှစ်တိုင်း မကျည်းသီးများ ပြွတ်သိပ်နေအောင်သီးသည့် အပင်များလည်းရှိကြောင်း သိရသည်။ ရှေးဘိုးဘွား များသည် နှစ်ရှည်သီးနှံပင်များကို နှောင်းလူငယ်တို့အား စာချိုးဖြင့်မှတ်သားစေလေ့ရှိရာ မန်ကျည်းသီးမှည့်ချိန်ခူးဆွတ်ရာတွင် အပင်ကိုင်းဖျားများအား ဆယ်ပေခန့် အရှည်ရှိသည့် ကိုင်ကောင်းဝါးဖြောင့်ဖြောင့်ဖြင့် ရိုက်ပုတ်ဆွတ်ခူးခြွေချရကြောင်း၊ သို့မှသာ လာမည့်နှစ် အဖူး၊ အပွင့်၊ အသီးပိုးသီးကြောင်းလည်းသိရသည်။ မန်ကျည်းပုတ်၊ ဆီးခုတ်၊ သရက်ထစ်၊ ပိန္နဲပစ် စာချိုးအား ရှေးအဘိုးအဘွားများ တဆင့်စကား တဆင့်မှတ်သားကာ ယနေ့ချိန်ထိ ပြုလုပ်ကြကြောင်းလည်း လဲဂွကျေးရွာ ဒေါ်ဝိုင်းငြိမ်းက ရှင်းပြသည်။ မကျည်းသီးမှည့်ချိန် အသီးများခြွေခူး ရာတင် ပုတ်၍ခြွေခူးခြင်းဖြင့် လာမည့်နှစ်ပို၍သီးပြီး မနှစ်ကထက်မလျော့ကြောင်း၊ ဆီးပင်များ သီးပြီး အမှည့်မှည့်ပြီးချိန် ဆီးပင်ကိုင်းများအား ခုတ်ပစ်ရကြောင်း၊ လာမည့်နှစ် ကိုင်းဖြာထွက်မှု သန်မာထွားကြိုင်းပြီး ဆီသီးသီးနှုန်းလည်းကောင်းကာ အသီးပိုကြီးလာတတ်ကြောင်း၊ သရက်ပင်များကိုလည်း တန်ဆောင်မုန်းလပြည့်နေ့တွင် ပင်စည်အခြေမှ စတင်ကာ လက်ငါးလုံး ခန့်ခြားပြီး ဓားဖြင့်ထစ်ကြကြောင်း သို့မှသာ သရက်ပင်များ ပင်စည်ပိုးထိုးခြင်းမှကာကွယ်နိုင်ကာ သရက်ဖူး၊ သရက်ပွင့်ပွင့်ချိန်တွင်လည်း အသီးတင်ကြောင်း၊ ပိန္နဲပင်များ အသီးသီးနှုန်းကောင်းရန် လက်ကန်းခဲဖြင့်ပစ်ပေးရကြောင်း၊ သို့မှသာပိန္နဲသီးသီးကြောင်း ထိုအစဉ်အလာကို ကျေးလက် တောရွာများတွင် ယနေ့အချိန်ထိ ပြုလုပ်နေကြောင်းလည်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မကျည်းသီးမှည့်များ စတင်ရောင်းချလာနေပြီဖြစ်ရာ မကျည်သီးမှည့် အစေ့နှင့်အကြောမသင်ရသေး တစ်ပိဿာ သုံးထောင်ငါးရာကျပ်၊ အစေ့ထုပ်၊ အကြောသင်ပြီး တစ်ပိဿာ ခြောက်ထောင်ကျပ်ပေးဝယ်ရကာ၊ မန်ကျည်းသီး အကြောသင် အစေ့ထုတ် တစ်ပိဿာထုတ်ခ နှစ်ရာ့ငါးဆယ်ကျပ်ပေးရကြောင်း၊ မကျည်းသီး အကြောသင် အစေ့ထုတ်သမတစ်ဦး တစ်ရက်လျှင် ဆယ့်ငါးပိဿာခန့် ပြီးကြောင်းလည်းသိရကာ၊ မကျည်းစေ့တစ်တင်း ငါးထောင်ကျပ်ဖြင့် ပြန်ရောင်းရကြောင်းလည်း မကျည်းပွဲစား ဒေါ်ခင်မြက ရှင်းပြသည်။ အကြောသင်၊ အစေ့ထုတ်ပြီးသားမကျီးများအား အမိုးအကာ လုံခြုံသည့်နေရာတွင် ထားရှိခြင်း၊ ပိုများ၊ပုပ်များဖြင့်ထည့်ကာ နှစ်ပတ်လည်လှောင်ထားပြီး ဈေးနှုန်းတက်ချိန် ပြန်လည်ရောင်းချကြကြောင်းသိရကာ ကျောက်ပန်းတောင်းမြို့နယ်တွင် မန်ကျည်းသီးမှည့် အသစ်များ စတင်ဝင်ရောက် ရောင်းချလာကြပြီဖြစ်ကြောင်း သိရသည်။
ဒီပါလင်း