ဆောင်းနေကြာ(ဆင်းရွှေကြာ-၂) မျိုးမြှင့်တင်ရွေးချယ်ခြင်းနှင့် မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဆိုင်ရာ ကွင်းသရုပ်ပြပွဲကျင်းပ

မြစ်သား   ဖေဖော်ဝါရီ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်ရွက်သည့် ဆောင်းနေကြာဆီထွက်သီးနှံ (ဆင်းရွှေကြာ-၂)မျိုးကို မြိုင်ကုန်းကျေးရွာအုပ်စု တောင်သူ ဦးသာထွန်းကွင်းအမှတ်(၅၃၄)ခ၊ ဦးပိုင်အမှတ် (၂၂)ရှိ စိုက်ဧက (၁၀.၀၀) ဧကတွင် ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါသီးနှံနေကြာစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဆွေဦးမှ တောင်သူဦးကြီးများကို သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်‌ကြောင်း သို့မှသာစိုက်ပျိုးသည့် သီးနှံတစ်ဧကထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်ရရှိမှာဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်မှ နိုင်ငံအနေဖြင့် မြေသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီးရှေးယခင်ကပင် ယခုလက်ရှိအချိန်နှင့် နောင်တွင်လည်းမြေသယံဇာတကိုအသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင်လည်း တောင်သူလယ်သမားများအနေဖြင့် ရာသီဥတုပြောင်းလဲခြင်း၏ စိန်ခေါ်မှု၊ လယ်ယာလုပ်သား ရှားပါးမှု၏စိန်ခေါ်မှုများဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်နေရကြောင်း၊ စိုက်ပျိုးသည့်သီးနှံများ အထွက်တိုးအောင် စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများ၏ စိတ်ဓာတ်၊ မျိုး၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်၊ လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်းစသည်တို့ဖြင့် ပြုပြင်ပြောင်းလဲစိုက်ပျိုးထုတ်လုပ်ရမည် ဖြစ်ကြောင်း အကျယ် တဝင့်ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများက ​တောင်သူများအားသီးနှံများအတွက် ကဏ္ဍအလိုက်အသီးသီး ရှင်းလင်းကာ သိလိုသည်များကိုပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ‌ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဆွေဦးနှင့် ဝန်ထမ်းများ၊ မြစ်သားမြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ မြိုင်ကုန်းကျေးရွာအုပ်စုရှိ ဒေသခံ တောင်သူဦးကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)