ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စုအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘုရားကုန်းကျေးရွာရှိ စိုက်ပျိုး၊ စီးပွား အသိပညာပေးစင်တာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲဆွေးနွေးပွဲတွင် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းထွန်းနှင့် မောင်းရမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းညွန့်တို့က အထွက်နှုန်းကောင်းမွန်သော စပါးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ နွေစပါးနှင့် နွေသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေး၊ ရေမလွှတ်မှီ ရေမြောင်းများ ကြိုတင်ရှင်းလင်းနိုင်ရေးဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)