ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်တောကျယ်ကျေးရွာအုပ်စု၊ အင်တောကျယ်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအကြောင်း သိကောင်းစရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီက အင်တောကျယ်ကျေးရွာအုပ်စု၊ အင်တောကျယ်ကျေးရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နေအိမ်ဝန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေပါအချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် ယခုကဲ့သို့ လာရောက်ရှင်းလင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ် ဥပဒေအရာရှိတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါအချက်များကို၊ ပြည်သူများ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေရန် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး၊ တက်ရောက်လာသည့် ရပ်မိ/ရပ်ဖများ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက မရှင်းလင်းသည်များကို မေးမြန်းကြရာ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူး နောင်ထွန်းနီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးစိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်၊ မြို့နယ်ဥဒေအရာရှိနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ လိုက်ပါခဲ့ကြပြီး၊ အင်တောကျယ် ကျေးရွာမှ ကျေးရွာပြည်သူ(၅၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)