ချမ်းမြသာစည်မြို့နယ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊ မြို့နယ်လျှပ်စစ်ရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်

ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြို့နယ်လျှပ်စစ်ရုံးရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြမှုများအား ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးက ဝန်ထမ်းများအနေဖြင့် မီး‌ဘေးအန္တရာယ်‌ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများ မရှိစေရေး သတိပြုဆောင်ရွက်ကြရန်၊ မီးချိတ်၊ မီးကပ်များနှင့် သဲအိတ်များထားရှိကြရန်၊ ဝါယာကြိုးများ ပေါက်ပြဲဆွေးမြေ့နေပါက အသစ်လဲလှယ်ခြင်းများ ပြုလုပ်ကြရန်၊ မိန်းတင်မိန်းချ‌ခလုတ်များ သေချာစွာစစ်‌ဆေးခြင်းများ ပြုလုပ်ကြရန်နှင့် မီးဘေးအန္တရာယ်‌ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ၊ Gas မီးသရုပ်ပြသ ငြှိမ်းသတ်ခြင်းများ၊ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များအား မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပြီးနောက် ဝန်ထမ်းနေအိမ် လိုင်းခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းသို့ မန္တလေးလျှပ်စစ် ဓါတ်အားပေး‌ရေးကော်ပိုရှေးရှင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာဦးခင်ဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့