မူဆယ်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

မူဆယ် ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာနိုင်ငံ့ဝန်ထမ်းများကို အမျိုးသားသဘာဝစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းက မူဆယ်မြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန်ခွာ နေထိုင်သူအရေအတွက်များနှင့် ထောက်ပံ့ငွေရရှိမှုနှင့် ထောက်ပံ့ငွေများ ဖြန့်ဝေပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး မူဆယ်ခရိုင်အတွင်းသို့ ဒေသအသီးသီးမှ  ယာယီနေရပ်စွန့်ခွာလာသော ဝန်ထမ်း (၅၆၅) ဦး၊ ဝန်ထမ်းမိသားစု (၅၉၃) ဦး၊ အရပ်သား (၃၄၁၂) ဦး၊ စုစုပေါင်း (၄၅၇၂) ဦးအတွက် (၁) ဦးလျှင် ငွေကျပ် (၂၀,၀၀ဝိ/-) နှုန်းဖြင့် သဘာဝဘေးအန္တရာယ်ရန်ပုံငွေမှ ထောက်ပံ့သော ငွေကျပ် (၉၁,၄၄၀,၀၀၀/-) ကျပ်အား မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်သည်။

ထို့နောက် နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင်ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက (၁) ဦးလျှင် ထောက်ပံ့ငွေ (၂၀,၀၀၀) ကျပ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်မှု အပေါ်ယာယီနေရပ်စွန့်ခွာသူများ ကိုယ်စားနမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ကျေးဇူးတင်စကားပြောကြားသည်။ တက်ရောက်လာသူများမှာ နိုင်ငံ့ဝန်ထမ်းများ၊ အပြင် အရပ်ဖက်ပြည်သူများ၊ ခရိုင်ပြင်ပမှ ပြည်သူလူထုများလည်းပါဝင်ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)