မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများကိုယ်တိုင် လှည်းကူးမြို့နယ်သို့ ကွင်းဆင်းလာရောက်ကုသ

လှည်းကူး ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက် ၈ နာရီကစတင်၍ မျက်စိအနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်းနှင့် မျက်စိနှင့်ပတ်သက်၍ ရောဂါဝေဒနာခံစားနေရသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများကိုယ်တိုင် ကွင်းဆင်းလာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မျက်စိအမြင်တိုင်းတာ၍ မျက်မှန်လိုအပ်သူများအား မျက်မှန်တပ်ဆင်ပေးခြင်း၊ ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာများရှိပါကလည်း ခွဲစိတ်ကုသရန် ဆေးရုံကြီးသို့ အခမဲ့လွှဲပြောင်းပို့ဆောင်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းကုသရေးအစီအစဥ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းသွားရောက်၍ အခမဲ့ကုသဆောင်ရွက်ပေးမည်ဖြစ်ပြီး လှည်းကူးမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်(၃၀၀)ဦးတို့အား ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)