ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားနှင့် MSME ထုတ်ကုန်ပြပွဲတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သော ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

စစ်တွေ    ဖေဖော်ဝါရီ   ၁၈

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားနှင့် MSME ထုတ်ကုန်ပြပွဲတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သော ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ပြီး ဌာနဆိုင်ရာရုံးများ၊ ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တိုင်းရင်းသားသွေးချင်းများ ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်နေ့မှာရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ စတင်သန္ဓေတည်ခဲ့သော ပြည်ထောင်စုနေ့သည် ယခုဆိုလျှင် (၇၈)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့သည် မိမိတို့ဘိုးဘွားဘီဘင်လက်ထက်က ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ ပြည်ထောင်စုအဆင့်အခမ်းအနားကို စည်စည်ကားကား အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တစ်ဆက်တစ်စပ်တည်း ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထုတ်ကုန်များကို ပြပွဲ၊ ပြိုင်ပွဲများဖြင့်ပြသနိုင်ခဲ့ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ယဉ်ကျေးမှုအနှစ်သာရများရှိအောင်  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များကိုလည်း ဖျော်ဖြေတင်ဆက်ပေးစေခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ရည်ရွယ်ချက်ကြီးကြီးမားမားဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သွားရောက်ဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့မှ သားငယ်၊ သမီးငယ်များအနေဖြင့် အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ ရင်းနှီးချစ်ခင်မှုရရှိခြင်း၊ မတူညီသောဓလေ့ရိုးရာယဉ်ကျေးမှုများကို တွေ့မြင်ကြားသိခဲ့ရမည်ဖြစ်ကြောင်း၊ အလားတူ ဒေသအသီးသီးမှ ဒေသထွက်ကုန်များကိုလည်း လေ့လာခွင့်ရရှိကြမည်ဖြစ်ကြောင်း၊ ထိုသို့လေ့လာခွင့်ရရှိခဲ့သည့်အတွက် မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကြိုးစားဆောင်ရွက်နိုင်ရန် အတုယူစရာများစွာကို ရရှိခဲ့ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သားတို့သမီးတို့အနေဖြင့် ယခုထက်သာလွန်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာနေထိုင်မှသာ မိမိတို့ရည်မှန်းထားသည့် သာယာဝဖြိုးသော နိုင်ငံတော်ကြီးဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးကို အထူးအလေးထားကာ အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ မိမိဒေသအတွင်း ထုတ်ကုန်များဖြစ်သော မွေးမြူရေးထုတ်ကုန်များ၊ ရေလုပ်ငန်းနှင့်ပတ်သက်သည့် ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ပြီး သွင်းကုန်အစားထိုးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ဝင်ငွေတိုးတက်ခြင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဂုဏ်ပြုညစာစားပွဲနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲတို့၌ ရခိုင်ပြည်နယ်ကိုယ်စားပြုပါဝင်ဖျော်ဖြေ တင်ဆက်ခဲ့သူများကိုယ်စား ဖျော်ဖြေသူ (၁)ဦးက ကျေးဇူးတင်စကားပြောကြားပြီး (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ်မှ ဖြေဖျော်တင်ဆက်ခဲ့သော “ရိုးရာမူဟန် ရခိုင်သင်္ကြန်” ဖျော်ဖြေမှု မှတ်တမ်းဗီဒီယိုနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲတို့တွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သော “မိုဟင်းခူးစောင်လားကတ်မေ” ကပြဖျော်ဖြေမှု ဗီဒီယိုမှတ်တမ်းတို့ကို ပြသခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာနရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိတို့၏ ရုံးလုပ်ငန်းများကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံဂုဏ်ဆောင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် တိုင်ဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင် စေရန်၊ ပြည်သူ့တစ်ရပ်လုံး အားကစား ကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် အလားတူဦးစီးဌာနလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ရုံးစာရွက်စာတမ်းများ လုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများ သက်သာရှောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်ချက်များရှိပါကလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဦးစီးဌာနလုပ်ငန်း ဆောင်ရွက်ခြင်းများပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းဝန်ထမ်းများက မိမိတို့၏ရုံးလုပ်ငန်းများအား လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှု၊ ဆန်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်နေမှု၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် စာရွက်စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေတ်မီမီးသတ်မော်တော်ယာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)