ရန်ကင်းမြို့နယ်၌ ဒွါဒသမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင် ဆင်ယင်ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝင်းအတွင်းရှိ အရိယာဓမ္မာရုံကြီးတွင် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဒွါဒသမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာစူဠဘွဲ့နှင့်သဘင်အခမ်းအနားကို ကျင်းပခဲ့သည်။

ဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ရန်ကင်းမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ပဥ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက်၊ အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ ဘဒ္ဒန္တ သုစိတ္တသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်အပေါင်းတို့က မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး နိုင်ငံတော်အစိုးရမှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီး (၂) ပါး၏ ထေရုပ္ပတ္တိအကျဥ်းကို ဖတ်ကြားပူဇော်ခဲ့ပြီး ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး (၂) ပါးနှင့် စာအောင်သံဃာတော်များကို ပဥ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက် မဟာနာယက ဘဒ္ဒန္တဉာဏဝံသသမထေရ် ရေးသားပူဇော်အပ်သော ထုတိသြဘာမင်္ဂလာစကြာလည်ပိုက်စုံရတုဖြင့် ဂုဏ်ပြုရွတ်ဆိုပူဇော်ခဲ့သည်။

ယင်းနောက် နိုင်ငံတော်အစိုးမှ ဘွဲ့တံဆိပ်များဆက်ကပ်ခြင်းခံရသည့် အဂ္ဂမဟာဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပဥ္စနိကာယသာသနဗိမာန်ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တ ပညာဝံသ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီရိမင်္ဂလာကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တ ဝဏ္ဏိတာတို့အား ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ်ဝတ္ထုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သက်တင်အောင်နှင့်ဇနီးတို့က ဘွဲ့တံဆိပ်တော်တို့ကို ထပ်ဆင့်ဆက်ကပ်လှုဒါန်းခဲ့​​ပြီး သံဃာတော်အရှင်သူမြတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများအား လှူဒါန်းခြင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက အစိုးရဓမ္မာစရိယ စာအောင်သံဃာတော် (၃၄) ပါးတို့အား ဘွဲ့လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နိကာယ်ကျမ်းအောင် သံဃာတော် (၂) ပါးတို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)