ကြည့်မြင်တိုင် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-1 ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက Grade-1 ကျောင်းသားကျောင်းသူတို့အား အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်နှင့် ရေဓာတ်စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့်စားသောက်ဖွယ်ရာများဖြစ်သည့် ထမင်း၊ ကြက်သား၊ ကန်စွန်းရွက်ကြော်၊ ပဲဟင်းချိုနှင့်မြေပဲစသည့်သီးနှံများကို အာဟာရဖြစ်ရန်ကျွေးမွေးခဲ့ကြသည်။
အဆိုပါကျွေးမွေးရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများလာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကိုလည်း ဆက်လက်ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရည်ရည်မွန်(ပြန်/ဆက်)