ကျောက်တန်း ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန Grade (1) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာ အာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (သော်က) နှင့် အခြားအခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းတွင်းနေ့လယ်စာ အာဟာရကျွေးမွေးရာ၌ Grade (1) ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန် အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နှင့် ရေဓါတ် စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်၀စေရေး၊ ကျန်းမာရေးနှင့်ညီညွှတ်သော အမူအကျင့်များစွဲမြဲ ကျင့်သုံးတက်စေရန်၊ အာဟာရအကြောင်း အသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ နေ့လယ်စာ စားပြီးသွားတိုက်ခြင်းတို့နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျောင်းတွင်းနေ့လယ်စာအာဟာရကျွေးမွေးရာ နေရာများသို့မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦး၊ ကျန်းမာရေး၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ခဲ့သည်။
ပညာရေးဝန်ကြီးဌာနမှ Grade (1) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးရေးကို ကျောက်တန်းမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်း (၆) ကျောင်း၊ အ.ထ.က (ခွဲ) (၈) ကျောင်း၊ အ.လ.က ကျောင်း (၈) ချောင်း၊ အ.ထ.က (ခွဲ) ကျောင်း (၁၅) ကျောင်း၊ မူလွန်ကျောင်း (၁၆) ကျောင်း၊ မူလတန်းကျောင်း (၇၃) ကျောင်း၊ အ.မ.က (ခွဲ) ကျောင်း (၄) ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၁၃၀) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၉၅၃ ဦးအား ကျွေးမွေးခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်ဆက်)