လသာ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သိမ်ကြီးစျေး (ဃ) ရုံစျေးတာဝန်ခံရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လသာမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေပါအချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ဥပဒေအရာရှိတို့က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါအချက်များအား ပြည်သူများ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စျေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)