တွံတေးမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG နှင့် Grade (1) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

တွံတေး ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်သဝန်းတောကျေးရွာအုပ်စု၊ ကျွဲသလင်းကျေးရွာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG နှင့် Grade (1) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာ အာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျွဲသလင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အာဟာရကျွေးမွေးရာ၌  အခြေခံပညာအလယ်အတန်းကျောင်းရှိ KG တတိယအကြိမ်နှင့် Grade (1) ပထမအကြိမ်ကျောင်းသား၊ ကျောင်းသူ (၁၃၈) ဦးတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန် အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နှင့် ရေဓါတ် စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် ထမင်း၊ ရွှေဖရုံသီဟင်း၊ ပဲဝါလေးဟင်း၊ ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီးစသည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြသည်။

အဆိုပါ ကျောင်းတွင်းနေ့လယ်စာအာဟာရ ကျွေးမွေးရာနေရာများသို့ သဝန်းတောကျေးလက်ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးနှင့် ဆရာမများနှင့်၊ ကျောင်းအုပ်ဆရာကြီး ဦးလွင်ဇော်စိုး၊ ကျန်းမာရေး၀န်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

တွံတေးသား