ညောင်ဦးမြို့၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝင်းအတွင်း လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ညောင်ဦး ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ညောင်ဦးအိတ်ချိန်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူမှ လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ် လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်လျော့နည်းစေရေးအတွက် အမှိုက်များအား မီးရှို့ခြင်းမပြုပဲ အမျိုးအစားခွဲခြား၍ စနစ်တကျ စွန့်ပစ်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေနွေးခဲ့ပြီး ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ညောင်ဦးအိတ်ချိန်း) ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာရပါက မီးငြှိမ်းသတ်ဆောင်ရွက်တတ်စေရေးအတွက် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပေးခြင်းတို့အား အသိပညာပေးဆောင်ရွက်ခဲ့ရာ ၁၁ နာရီခွဲအချိန်တွင် ပြီးစီးခဲ့​ကြောင်း သိရသည်။

ဒီပါလင်း