မဟာအောင်မြေ ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ချမ်းသာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့် လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့် အလေ့အထနှင့်အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာအုပ်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာပေတွင်မွေ့လျော်ကာ မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲများကို အရှိန်ဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးရှီးမွန်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီဝင်းသူက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်ပညာ၏ တန်ဖိုး အကြောင်းကိုလည်းကောင်း အသီးသီး ဟောပြောခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း