ကျောက်ဆည် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပဲသီးနှံမျိုးစုံ စိုက်ပျိုးထားရှိရာ ပတ္တာကျေးရွာ ကွင်းအမှတ် (၂၀၉-ခ) တောင်သူဦးမျိုး စိုက်ပျိုးထားသော ဆောင်းကုလားပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဆောင်းကုလားပဲသီးနှံ (၂၈၄၂၆)ဧက စိုက်ပျိုးထားရှိပြီး တောင်သူဦးမျိုး၏ ဆောင်းကုလားပဲစိုက်ခင်းများသည် မြေအစိုဓာတ်ရှိချိန်တွင် စနစ်တကျ မြေပြုပြင်ထားရှိပြီး ပတ်ကျဲစနစ်ဖြင့် သိပ္ပံနည်းကျနည်းစနစ်အတိုင်း တစ်ဧကအပင်ဝင်ဆန့်မှုရရှိရေး အပင်ခပ်ကျဲကျဲ စိုက်ပျိုးထားရှိကြောင်းနှင့် ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ မျိုးစေ့တန်ဘိုး၊ ပိုးနှင်ဆေး၊ ပိုးသတ်ဆေး၊ အပင်နှင့်အသီးအားတိုးဆေး၊ စိုက်ပျိုးခြင်း စသည့် စုစုပေါင်း(၂)သိန်း လေးသောင်းငါးထောင်ကျပ်ကုန်ကျကြောင်း သိရသည်။
ကုလားပဲစိုက်တောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများမှ ဒေသနှင်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ရေဆင်း(၆)၊ ရေဆင်း(၁၂)၊ ကုလားပဲ အနီမျိုးများနှင့် ရေဆင်း(၃)၊ ရေဆင်း(၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲအဖြူမျိုးများ စိုက်ပျိုးရန် အသိပညာပေး ဟောပြောခြင်းများနှင့် မျိုးစေ့များဖြန့်ဝေပေးခြင်း၊ ကုလားပဲသီးနှံများအောင်မြင်ဖြစ်ထွန်းရေး၊ အထွက်နှုန်းကောင်းမွန်ရေး သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးရေး ကွင်းဆင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်