ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တုံခမ်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးခွန်ကောင်းချစ်ထွန်းက သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားခဲ့သည်။ ထို့နောက် အခမ်းအနားမှူး ဆရာတော်က အနားယူသည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ကြေငြာပြီး ပြန်လည်ရွေးချယ်နိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေအလိုက် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်ကို ဖိတ်ခေါ်ပြီး အစားရွေးချယ်ခံရသည့် ဆရာတော်ဘွဲ့စာရင်းကို အစည်းအဝေးသို့ တင်သွင်းပြီး ဆရာတော်များ၏ လျို့ဝှက်ဆန္ဒခံယူ၍ ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ဟိုခိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယအား ရွေးချယ်၍ အဖွဲ့ဝင်များကိုလည်း ဆက်လက်ရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်သံဃာနာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွေးချယ်ပြီးနောက် သဘာပတိဆရာတော်က နိဂုံးချုပ် ဩဝါဒမြွက်ကြားပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ မြို့နယ်သံဃာနာယကအဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်းကို ပြီးမြောက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)