မိုင်းဆတ် ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျတုံ့ပြန်ရင်ဆိုင်ကြရမည့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန် လက်တွေ့လေ့ကျင့် သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအားလွန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက မြို့နယ်မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ စိတ်ပါဝင်စားသည့် ပရဟိတလူမှုရေးအသင်းအဖွဲ့မှ ၁၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅ ဦး၊ စုစုပေါင်း သင်တန်းသား ၅၀ ဦး တက်ရောက်ကာ သင်တန်းနည်းပြများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ နှစ်မျိုးဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)