တာလေမြို့ရှိ အ.ထ.က(တာလေ)တွင် Grade-1 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

တာလေ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အခြေခံပညာဦးစီးဌာနမှ Grade-1 ကျောင်းသား၊ကျောင်းသူ(၇၀)ဦးအား ကျောင်းတွင်း‌အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၁) နာရီအချိန်က အ.ထ.က(တာလေ)တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အာဟာရကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော ထမင်း၊ ဝက်သားဟင်း၊ ပဲဟင်းချို၊ အာလူးဟင်း၊ ပဲသီးဟင်းနှင့်အာဟာရဖြည့်မုန့်များဖြင့် Grade-1 ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာချက်ပြုတ်ကျွေးမွေးခဲ့ကြပြီး ထိုသို့ အာဟာရများ ချက်ပြုတ်၊ ကျွေးမွေးနေမှုကို ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းနှင့်ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျန်းမာ‌ရေးဌာနမှ ဝန်ထမ်းများက အားပေးကြည့်ရှုခဲ့ကြသည်။

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့်ကျန်းမာရေး ဌာနအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ကြရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့်ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးလရောင်(ပြန် /ဆက်)