မိုင်းရှူးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

မိုင်းရှူး ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က အမှတ် (၂) ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် မိုင်းရှူးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေထိုင်သည့် ပြည်သူတစ်ဦးလျှင် နှစ်သောင်းကျပ်ဖြင့် စုစုပေါင်းပြည်သူ (၃၉၉) ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ငွေကျပ် (၇၉.၈) သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထပ်ဆင့်လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)