တာချီလိတ်၌ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်

တာချီလိတ် ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးနှင့် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ် ကြုံတွေ့နေရသည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျတုံ့ပြန်ရင်ဆိုင်ကြရမည့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန် လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်းနှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဝတ်စုံများပေးအပ်သည်။

အဆိုပါ သင်တန်းသို့ စိတ်ပါဝင်စားသည့် ပရဟိတလူမှုရေးအသင်းအဖွဲ့မှ (၃၀) ဦး၊  အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၀) ဦး၊ စုစုပေါင်း သင်တန်းသား (၅၀) ဦး တက်ရောက်ကာ သင်တန်းနည်းပြများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ နှစ်မျိုးဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)