ရွာငံ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ နှစ်ရှည်ပင် စိုက်ပျိုးရင်းနှီးမြှုပ်နှံရာတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည်လည်း အခန်းကဏ္ဍတစ်ရပ်အဖြစ် ပြောင်းလဲတိုးတက်လုပ်ကိုင်လာကြကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် ကော်ဖီစိုက်ပျိုးမှုကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မိမိတို့၏ နေအိမ်ခြံတိုင်းတွင် စိုက်ပျိုးကြသော်လည်း မကြာသေးသောနှစ်များအတွင်းမှာပင် ဆန်းသစ်သော စိုက်ပျိုးထုတ်လုပ်မှု၊ မျိုးကောင်းမျိုးသန့်များကို လေ့လာပြီး စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ် စိုက်ပျိုးလာသောကြောင့် ရွာငံကော်ဖီသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကျယ်ကျယ်ပြန့်ပြန့် နေရာရလာသည်။ အရည်သွေးပြည့် ကော်ဖီချယ်ရီသီးများကို ယခင်နှစ်များက တစ်ပြည်(နို့ဆီဘူး ၈ ဘူး)လျှင် ၆၀၀၀ ကျပ်ခန့်သာရရှိသောကြောင့် လုပ်အားခနှင့်တွက်ဆပါက မကိုက်လှပေ။ ယခုနှစ် ကော်ဖီအစ ဖွင့်ဈေးမှာ တစ်ပြည်လျှင် (၈၀၀၀)ကျပ်မှစ၍ ဝယ်ယူပြီး ယခုလက်ရှိ ခြံရှင်ဈေးမှာ ၈၅၀၀ ကျပ်မှ အသီးလှပါက ၉၀၀၀ ကျပ်အထိ မြှင့်တင်ရောင်းချရသောကြောင့် ကော်ဖီခြံပိုင်ရှင်များ ဝင်ငွေတိုး၊ တွက်ခြေကိုက်လျက်ရှိကြသည်။ ကော်ဖီတွင် ကုန်းမြင့်ကော်ဖီနှင့် မြေနိမ့်ကော်ဖီ နှစ်မျိုးရှိရာ ရွာငံမြို့နယ်တွင် ကုန်းမြင့်ကော်ဖီများကို စိုက်ပျိုးကြသည်။ တစ်ဧကလျှင် ပင်ခြား တန်းခြား ရှစ်ပေ လေးပေ စိုက်ပျိုးပါက အပင်ပေါင်း ၁၃၆၀ ပင် ဝင်ဆံ့သည်။ တစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ဧက ငါးသောင်းကျော်ရှိသည့်အနက် ရှမ်းပြည်နယ်တွင် ကော်ဖီစိုက်ဧက နှစ်သောင်းခုနှစ်ထောင်ကျော်စိုက်ပျိုးကြရာ ရွာငံမြို့နယ်မှ ဧကပေါင်း ၈၀၀၀ ကျော် စိုက်ပျိုးနိုင်သောကြောင့် တစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ဧကအများဆုံးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)