ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရန်မျှော်လင့်

ကျောက်ဆည် ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ တောင်သူဦးတင်ထွန်း စိုက်ပျိုးထားသော ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ဈေးကောင်းရရှိရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ခရမ်းချဉ်စိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍  ခရမ်းချဉ်သီးနှံသည် ပျိုးထောင်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး ကုန်ကျစရိတ်များပြားကြောင်း စိုက်ပျိုးမြေ အမျိုးအစားနှင့်ရာသီဥတု အခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း၊ ပံတံဆိပ် ခရမ်းချဉ်မျိုး()ထုပ် စိုက်ပျိုးပါကငွေကျပ် (၁၀)သိန်းခန့် ကုန်ကျကြောင်း စိုက်ပျိုးပြီး (၄၅) ရက်တွင် အသီးများစတင်ခူးဆွတ်နိုင်ကြောင်း ခရမ်းချဉ်သီးနှံစိုက်ပျိုး သည့် တောင်သူများထံမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီးနှံစိုက်ပျိုးသူများအနေဖြင့် ပံတံဆိပ် ခရမ်းချဉ်မျိုးများ အဓိကထား စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးမည်ဆိုပါက  သာဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် ထယ်ရေးညက်ညက် မြေပြုပြင်ထားရကြောင်း၊ ရေသွင်းရေထုတ် ကောင်းမွန်စေရန်အတွက်  မြေဘောင်များပြုလုပ်၍ ပလပ်စတစ်အပါးစများခင်းကာ ရေအလေအလွင့် နည်းပါးပြီး ပေါင်းမြက်ပေါက်ရောက်မှု သက်သာပြီး အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)