မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မက်မန်းမြို့နယ် ငှက်ယောင်းကျေးရွာအုပ်စု၊ ငှက်ယောင်းကျေးရွာဘက်စုံသုံးခန်းမတွင် သွားရောက်ကွင်းဆင်း‌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မိမိဌာနတစ်ခုခြင်းစီမှ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ငှက်ယောင်းကျေးရွာ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ကျန်းမာရေး၊ ပညာရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်   စနစ်တကျအသုံးပြုဆောင်ရွက်သင့်သည့်အချက်များ အစရှိသော ကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ငှက်ယောင်းကျေးရွာအုပ်စု၊ ငှက်ယောင်းကျေးရွာ နယ်စပ်ဆေးပေးခန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ တိုးသူရအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)