သွေးချင်းစုံလင်သနပ်ခါးသဘင်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၇

မြန်မာတိုင်းရင်းသားအသီးသီးတို့ သနပ်ခါးလိမ်းခြယ်သည့် ရိုးရာဓလေ့ကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် UNESCO ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် သွေးချင်းစုံလင်သနပ်ခါးသဘင်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းနှင့် ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် My Garden (Restaurant) ၌ ကျင်းပသည်။

ဦးစွာဂုဏ်ပြုပွဲအခမ်းအနားနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းဥက္ကဋ္ဌ ဦးဌေးလင်းက ရှင်းလင်းပြောကြားပြီး “သွေးချင်းစုံလင်သနပ်ခါးသဘင်” ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ပြသသည်။

ဆက်လက်၍ “သွေးချင်းစုံလင်သနပ်ခါးသဘင်” ပွဲတော်တွင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုလွှာပေးအပ်ပြီး အမှတ်တရဓာတ်ပုံမှတ်တမ်းရိုက်ကူးကြသည်။

ယင်းနောက်ရွှေတံဆိပ် (၈) ဆုရှင် ဦးရဲဝင့်လှိုင်မှ ရတနာပုံတေးသီချင်းအားစောင်းဖြင့် ဖျော်ဖြေကြပြီး “သွေးချင်းစုံလင်သနပ်ခါးသဘင်” ပွဲတော်တွင် “မှုံနံ့သာခြယ်လို့ကမ်းပါမယ်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းမှ ပြိုင်ပွဲဝင်များအား တာဝန်ရှိသူများကဂုဏ်ပြုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကြသည်။

ဆက်လက်၍ တေးသံရှင် စိုးညီညီနှင့် အကပညာရှင် ခိုင်မာလွင်တို့မှ “ရွှေဘိုသနပ်ခါးသီချင်း" ဖြင့် ကပြသီဆိုဖျော်ဖြေပြီး “သွေးချင်းစုံလင်သနပ်ခါးသဘင်” ပွဲတော်တွင် “နန်းထိုက်တဲ့သဘာဝ ကမ္ဘာ့အမွေအနှစ်အလှ” ခေါင်းစဉ် ဖြင့် THE BEST PERFORMANCE AWARD ဆု ရရှိခဲ့သော ဗမာတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့မှ ပြိုင်ပွဲဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

ယင်းနောက် “သွေးချင်းစုံလင်သနပ်ခါးသဘင်" ပွဲတော်တွင် “သနပ်ခါးသည်ပါရှင့်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဗမာတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့မှ ပြိုင်ပွဲဝင် မမေမြင့်မိုရ်ကြည်ကို တာဝန်ရှိသူက ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး “သွေးချင်းစုံလင်သနပ်ခါးသဘင်” ပွဲတော်တွင် “နန်းထိုက်တဲ့သဘာဝကမ္ဘာ့အမွေအနှစ်အလှ” ခေါင်းစဉ်ဖြင့် THE BEST PERFORMANCE AWARD ဆုရရှိခဲ့သော ဗမာတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့မှ ပြိုင်ပွဲဝင်များက ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်အား အသင်းသို့အပ်နှင်းသည်။

ထို့နောက် ရန်ကုန်တိုင်းလက်ရွေးစင် မဖြူစင်ဖြိုးမှ တစ်ပင်တိုင်ခြင်းအလှပြ သရုပ်ဖော်တင်ဆက်ပြီး ပြိုင်ပွဲဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)