မိုင်းတုံ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဦးအောင်ဇေယျဘုန်းကြီးကျောင်းဝင်းရှိ နားနေဆောင်တွင် မိုင်းတုံအုပ်စု၊ ဝမ်နားကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကွင်းဆင်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ လုံခြုံရေး၊ လမ်းတံတား၊ စာပေနှင့်ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကိုလည်းကောင်း၊ သစ်တောမှ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည်များကိုလည်းကောင်း၊ မြေစာရင်းမှ မြေရာအိမ်ခြံကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ကျေးလက်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်လဝကမှ မှတ်ပုံတင်နှင့်စမတ်ကတ်များ အိမ်ထောင်စုစာရင်း၊ မွေးတိုးဖြင့် ပတ်သက်သည်များကိုလည်းကောင်း၊ မြို့နယ်ပြန်/ဆက်မှ စာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် စာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အကျိုးကျေးဇူးရရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ မြို့နယ်မီးသတ်မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဖြင့်လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ရန် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဆွေးနွေးပြောကြားခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသအတွင်း လုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို လစဉ်ပြုလုပ်ရန် ကျန်ရှိသောကျေးရွာအုပ်စုများသို့ အပတ်စဉ် စဉ်ဆက်မပျက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)