ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့်ကာလများအတွင်း စာသင်ကျောင်းများ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကာလများအတွင်း မီးလောင်၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက်  ယနေ့နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့တွင် ‌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများ ပူးပေါင်းကာ ကျောင်းပတ်ဝန်းကျင်အမှိုက်ခြောက်များ မရှိစေရေး၊ မီးသတ်ဆေးဘူးများ အသင့်ပြင်ဆင်ထားရှိစေရေး၊ ကျောင်းဝင်းအတွင်းရှိ အုတ်ရေကန်များ ရေဖြည့်တင်းထားရှိစေရေး၊ စာသင်ဆောင်များတွင် သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကောင်းမွန်မှုရှိစေရေး၊လျှပ်စစ်မီးနှင့်အခြားမီးသုံးစွဲမှုများ စနစ်တကျရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)