မိုင်းဖြတ် ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊ စာစောင်များ လှူဒါန်းပွဲကို ဖေဖော်ဝါရီလ ၁၅ရက်၊ နံနက်ပိုင်းက ပါလောင်းကျေးရွာရှိ ရှင်သန်ခြင်းစာကြည့်တိုက်၌ ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ကျေးရွာနေပြည်သူများ ပူးပေါင်းဆောင်ရွက်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စာအုပ်စာစောင် လှူဒါန်းပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အမှာစကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်၍ ရှင်သန်ခြင်းစာကြည့်တိုက်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်မျာက သုတ၊ ရသ စာအုပ်၊ စာစောင်းများကို ပေးအပ်လှူဒါန်းရာ အုပ်ချုပ်ရေးမှူး ဦးဧရိယာက လက်ခံရယူခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် အဆိုပါရှင်သန်ခြင်းစာကြည့်တိုက်ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က ကိုယ်အားကိုယ်ကိုးစာကြည့်တိုက်အဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ(၅၀)သိန်း၊ အလှူရှင်များနှင့် ကျေးရွာနေပြည်သူများ၏ စုပေါင်းလှူဒါန်းသည့် ရန်ပုံငွေများဖြင့် အလျား ၂၀ ပေ၊ အနံ ၁၉ ပေရှိ (RC) တစ်ထပ် အမျိုးအစားကို အကောင်အထည်ဖော် ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)