ပင်လုံ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ လားရှိုးမြို့ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာဘန္ဒန္တပုညနန္ဒ၏ သြဝါဒဖြင့် အမှတ်(၁)ရပ်ကွက်နှင့် ပင်လုံအရှေ့ကျေးရွာအုပ်စု၊ နောင်လိုက်ကျေးရွာသို့ ဆက်သွယ်ထားသည့် မြို့နှင့်ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကြွရောက်လာသော လားရှိူးမြို့ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာဘန္ဒန္တပုညနန္ဒ၊ အမှတ်(၂)ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ လွိုင်လင်တပ်နယ်၊ တပ်နယ်ဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့် လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်တို့မှ ကိုယ့်အားကိုယ်ကိုးလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ လာရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်ဆရာတော်အဂ္ဂမဟာ ဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ မှ သြဝါဒတရားချီးမြှင့်ခြင်း၍၊လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်မှ အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်စိုးမြင့်မှ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံငယ်များအား ကြွရောက်လာသော ဧည့်သည်တော်များထံ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဆရာတော်ကြီးနှင့် ဧည့်သည်တော်များမှ အမှတ်တရမှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်း၊ ကတ္တရာလမ်းပြီးစီးမှုအခြေအနေအား လိုက်လံကြည့်ရှုအားပေးခြင်း၊ ကြွရောက်လာသော ဧည့်သည်တော်များအား နောင်လိုက်ကျေးရွာမင်္ဂလာတပ်ဦးကျောင်း ဓမ္မာရုံ၌ ဆရာတော်ကြီးများအား ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် နေ့လယ်စာတည်ခင်း ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)