ဗဟန်းမြို့နယ်တွင် လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ဗဟန်း   ဖေဖော်ဝါရီ   ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ကျောက်ဆည်ဓမ္မာရုံ၌ လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးက အိမ်ထောင်စုထွက်အမှိုက်များအား စနစ်တကျ စွန့်ပစ်‌‌မှုရှိစေရေးနှင့် ခြံထွက်အမှိုက်များအား On Call စနစ်ဖြင့် စွန့်ပစ်နိုင်‌ရေးအတွက် ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မြို့နယ်တာဝန်ခံမှ အမှိုက်စို/ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်‌ရေးနှင့် On Call စနစ်အား ဆွေးနွေးဟောပြောကာ မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးက မီးခိုးမြူငွေ့များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်များနှင့် အရေးယူဆောင်ရွက်နိုင်သော ဥပဒေပုဒ်မများအကြောင်း ဟောပြောခဲ့ပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက လေထုညစ်ညမ်းမှု‌လျှော့ချနိုင်ရေးအတွက် အမှိုက်များမီးရှို့မှုမရှိစေရေး၊ သတ်မှတ်နည်းလမ်းများဖြင့် အမှိုက်စွန့်ပစ်စေရေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ‌သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ဖြေကြားဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အခမ်းအနားသို့ ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မရပ်ကွက်၊ ကြားတောရရပ်ကွက်၊ ရေတာရှည်ရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများမှ တာဝန်ခံများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်သူဟိန်း (ပြန်/ဆက်)