ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေ(၃)နာရီက မီးဘေးလုံခြုံရေး စစ်ဆေး ပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မနယ်မြေ ရဲစခန်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးစိုးဦးဆောင်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်ရဲမေများအား မြို့မရဲစခန်း ဓမ္မာရုံတွင်တွေ့ဆုံ၍ မီးဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးပြီး၊ ဓမ္မာရုံရှေ့ မြေကွက်လပ်တွင် ဆီမီးလောင်မှုအား အလွယ်တကူ ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူး အသုံးပြုနည်းနှင့် မီးသတ်ဆေးဗူးနှင့် မီးငြှိမ်းသတ်နည်းများကို သင်ကြားပြသ၍ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်ရဲမေများအား၊ လက်တွေ့ပါဝင် လုပ်ဆောင်စေကာ၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက်မီးသတ် ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် မြို့မရဲစခန်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက်၊ အချုပ်ခန်းနှင့် ရုံးအဆောက်အဦများနှင့် အိမ်ထောင်သည်လိုင်းခန်းများတွင် မီးသုံးစွဲနေမှုနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်စစ်ဆေးကာ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)
 
    