သန်လျင်၌ စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်ပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၆

သန်လျင်ခရိုင်၊ သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက် လေးထပ်ပရိယတ္တိစာသင်တိုက် ဂိုဏ်းပေါင်းစုံထေရဝါဒပရိယတ္တိသာသနာ့ဟိတအသင်းမှကျင်းပသော နဝမအကြိမ်မြောက် သာမဏေကျော်လင်္ကာရနှင့်ဝိနယာလင်္ကာရ ဂုဏဝိသိဌ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံက် ၉ နာရီတွင် အဆိုပါစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားအား ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပုဇွန်တောင် ရွှေကျင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တခေမာစာရ(အဂ္ဂမဟာပဏ္ဍိတ)ဆရာတော်ထံမှ သီလခံယူဆောက်တည် ကြသည်။

ထို့နောက်ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းနှင့် စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား အောင်လက်မှတ်နှင့်ဝတ္ထုငွေများကို အလှူရှင်များက ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် အောင်ချမ်းသာလေးထပ်ကျောင်းတိုက် ဦးစီးပဓာန နာယက ဒေါက်တာပညာသာရက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ပြီး ဆရာတော်ထံမှ အနုမောဒနာ ရေစက်ချတရားနာယူခဲ့ကြောင်း သိရသည်။

ယခုနှစ်နဝမအကြိမ်မြောက် သာမဏေကျော်လင်္ကာရနှင့် ဝိနယာလင်္ကာရစာမေးပွဲတွင် သံဃာတော်နှင့် သီလရှင်စုစုပေါင်း အပါး(၉၀) အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(ခရိုင်/ပြန်ဆက်)