နောင်တရား ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်မြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်ကျေးရွာ ရှမ်းချယ်ရီခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအရ အကြုံဝင်သူများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိန်လှမောင်က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအရ ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်စိုးမြင့်က ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ခံစားနိုင်မည့် အကျိုးခံစားခွင့်များအကြောင်းကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြန်လည်ဆွေးနွေးဖြေကြားသည်။ အသိပညာပေးဟောပြောပွဲသို့ ဒေသခံပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့ရုံး(ပြန်/ဆက်)