ကျောက်တံတားမြို့နယ်တွင် ဂါရဝပြုခံသက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ

ကျောက်တံတား  ဖေဖော်ဝါရီ   ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ အမှတ်(၁၀၁)ရှိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် (၉) ကြိမ်မြောက် ဂါရဝပြုခံသက်ကြီးဆရာများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် ဂါရဝပြုခံ သက်ကြီးဆရာကြီးများအား တက်ရောက်လာကြသော တပည့်များက ရိုသေလေးစားစွာ ကန်တော့ကြသည်။ ဂါရဝပြုခံသက်ကြီးဆရာများကိုယ်စား ဦးခင်မောင်အေး၊ တရားလွှတ်တော်တရားသူကြီးနှင့် ဒုတိယရှေ့နေချုပ်(ငြိမ်း)က ဩဝါဒစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဂါရဝပြုခံသက်ကြီးဆရာကြီးများနှင့် အသက် (၈၀) နှစ်ပြည့်သည့် ဥပဒေအရာရှိအငြိမ်းစားများအား လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တိုင်းဥပ‌ဒေချုပ် ဒေါ်ဖြူမာဝေတို့က ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ကာ ဂါရဝပြုခံသက်ကြီး ဆရာကြီးများကိုယ်စား သီရိပျံချီဦးလှဝင်း၊ ညွှန်ကြားရေးမှူး(ငြိမ်း)ကလည်းကောင်း၊ အငြိမ်းစားဥပဒေအရာရှိများအသင်း၊ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းအောင်ကလည်းကောင်း ကျေးဇူးတင်စကား အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊တိုင်းဥပ‌ဒေချုပ် ဒေါ်ဖြူမာဝေ၊ ပူဇော်ကန်တော့ခံ ဆရာကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကျောက်တံတား(ပြန်/ဆက်)