မော်လမြိုင် ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင် ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးကျော်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါလျက် ဖေဖော်ဝါရီ ၁၄ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရပ်ကွက်အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်များ၊ သိုလှောင်ရုံများ၊ ဈေးဆိုင်များတို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရေး၊ မီးလောင်လွယ်သည့်ပစ္စည်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားထားရေးတို့ကို လှည့်လည် စစ်ဆေးအကြံပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် အဖွဲ့ဝင်များသည်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နယ်မြေမှူးများလိုက်ပါလျက် ရပ်ကွက်အတွင်း၌ စက်သုံးဆီအရောင်းဆိုင်များ၊ သိုလှောင်ရုံများ၊ ဈေးဆိုင်များရှိ ပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးဘေးကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် သဲ၊ ရေ၊ လှေကား၊ မီးချိတ်၊ မီးကတ် အစရှိသည်များနှင့် မီးဖိုချောင်အတွင်း သန့်ရှင်းစွာထားရှိရေး၊ မီးလောင်လွယ်သည့်ပစ္စည်းများ ဖယ်ရှား ရှင်းလင်းရေးတို့ကို အကြံပြုဆွေးနွေးခဲ့ကြပြီး၊ ဓါတ်ဆီဆိုင်များအတွင်းရှိ မီးသတ်ရေကန်များတွင် ရေလုံလောက်စွာ ဖြည့်တင်းထားရှိမှု ရှိ/မရှိ မီးဘေးကြိုတင်ကာကွယ်ရေး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိနှင့် မီးသတ်ဆေးဘူးများ သက်တမ်းမှန်ကန်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)