ဆီပူအိုးတည်ထားရာမှ မီးလောင်မှုဖြစ်ပွားကာ လူနေအိမ် (၃)လုံး ဆုံးရှုံးမှု ကမာဝက်မြို့တွင်ဖြစ်ပွား

မုဒုံ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ ဂုံညှင်းတန်းရပ်ကွက်တွင် ယမန်နေ့ညက ဆီပူအိုးတည်ထားရာမှ မီးလောင်ကျွမ်းပြီး အနီးရှိလူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ စိတ်မနှံ့သူ ဦးကျော်ဝင်းသည် နေအိမ်တွင် တစ်ဦးတည် ရှိနေစဉ် တည်ထားသည့်ဆီပူအိုး အပူရှိန်တက်မီးလောင်ရာမှ အနီးရှိ လူနေအိမ်နှစ်လုံးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကမာဝက်မြို့ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရေးပေါ် ကူညီရေးအသင်းများနှင့် ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသည်ယာဉ် (၄)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁၀ × ၂၀) ပေ အိမ် (၂)လုံး ၊ (၁၀ × ၁၀) ပေ အိမ်တစ်လုံး စုစုပေါင်း နေအိမ် (၃)လုံး ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်ပြည်သူများကို ဆွေမျိုးများထံတွင် ယာယီနေထိုင်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)