လယ်ဝေးမြို့နယ်တွင် ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ) သင်တန်းအမှတ်စဥ်(၂/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

လယ်ဝေး ဖေဖော်ဝါရီ ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကာယပညာနှင့်အားကစား နည်းပြ(မွမ်းမံ )သင်တန်းအမှတ်စဥ်(၂/ ၂၀၂၅ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏သင်ကြားရေးစနစ်ဖြစ်သည့် KG+12 ကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရာတွင် ကာယပညာဘာသာရပ်သည် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်ကောင်းမွန်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေးသည့်နေရာတွင် ကာယပညာဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကကျသည်ကို မှာကြားလိုကြောင်း၊ ဗလငါးတန်ဟုဆိုရာတွင် ကာယဗလသည်ထိပ်ဆုံးကပါရှိနေသလို အနာဂတ်မြန်မာနိုင်ငံတော်၏ ကျရာအခန်းကဏ္ဍများတွင် ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကာယစွမ်းအား၊ စိတ်ဓာတ်စွမ်းအားများနှင့်စွမ်းအားပြည့် ထမ်းဆောင်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့အားကစားအဆင့်အတန်း  တိုးတက် မြင့်မားစေရေးအတွက် အထောက်အကူဖြစ်စေဖို့ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို ကျင်းပပေးနေပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားနည်းအလိုက် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ယခုသင်တန်းမှ သင်ယူလေ့လာခဲ့သည့်အားကစားနည်းစနစ်များကို စနစ်တကျ သင်ကြားပေးစေလိုပါကြောင်း၊ ပြိုင်ပွဲများတွင်လည်း အားကစားနည်းအလိုက် ကျွမ်းကျင်ထက်မြက်သည့် နည်းပြများ၊ ဒိုင်လူကြီးများ ပေါ်ထွန်းလာစေရန် ကြိုးစားကြဖို့ လိုအပ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ) သင်တန်းသား၊ သင်တန်းသူများက ကာယပညာသင်ရိုးပါ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအစီအစဉ်အတွဲအမှတ်(၃/၄)နှင့် ကာယပညာသင်ရိုးပါ Fitness Dance လေ့ကျင့်ခန်းတို့ဖြင့် သရုပ်ပြတင်ဆက်သည်။

ထို့နောက်ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှတက်ရောက်လာကြသည့် သင်တန်းသားသင်တန်းသူများနှင့် သင်တန်းနည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ အဆိုပါသင်တန်းတွင် အားကစားနည်း ခုနစ်မျိုး သင်ကြားပို့ချခဲ့ကာ သင်တန်းသား၊ သင်တန်းသူ(၃၁၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၅) ရက်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)