ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှား မရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များ ကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်သူများကိုလည်း အကြောင်းမဲ့သက်သက်ခေါ်ယူမှာ မဟုတ်သလို ယခုကာလတွင်လည်း အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်းကို သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူများအား ဆင့်ခေါ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းများသို့ စေလွှတ်ခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးကောက်ခံခြင်း၊ ရယူခြင်းများ ပြုလုပ်သဖြင့် မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်လျက်ရှိရာ တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန် အကြောင်းကြားထားရှိပြီး ဖြစ်သော်လည်း အချို့မြို့နယ်များ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ငွေကြေးကောက်ခံမှု၊ ရယူမှုများရှိနေသဖြင့် တိုင်ကြားမှုများ ဖြစ်ပေါ်လျက်ရှိပြီး စစ်မှုထမ်းဆောင်ရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်မှန်သမျှသည် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရသည့် လုပ်ငန်းစဉ်များဖြစ်၍ ငွေကြေးကောက်ခံမှု၊ ရယူမှု မရှိစေရေး ရပ်ကွက်/ကျေးရွာအဆင့်အထိ အလေးထားလိုက်ပါ ဆောင်ရွက်နိုင်စေရေးနှင့် အရွယ်ရောက်သူ နိုင်ငံသား အားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးကူညီပံ့ပိုးပေးကြပါရန် ပြည်သူလူထုအား ချပြရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။
နန်းရွှေရတီ (ပြန်/ဆက်)