ထန်းတပင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ထန်းတပင်(ရန်ကုန်)  ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနားလည်စေရန်ရည်ရွယ်၍ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက လမုတန်းကြီးကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက သစ်တောများက ပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများ၊ ရေသယံဇာတ ထိန်းသိမ်းရန်နှင့် ရေဝေရေလဲဒေသကြီးများအကြောင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့လျှော့ချရေးအတွက် Fire Hotspot များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများ မပြုလုပ်ရန်တို့ကို တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးနိုင်ဦးက မီးလောင်မှုများမဖြစ်ပွားစေရေးနှင့် အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးဌာနမှူးက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက အသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)