တောင်ကြီး ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်မီးသတ်ဖွဲ့မှူးရုံး ပြည်နယ်ပညာရေးမှူးရုံး နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ၌ ဥပတိရုပ် ကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက်များနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင် ရွက်ခဲ့ကြောင်းသိရှိရသည်။
စိုင်းသန်းကျော်