အမျိုးသားပြတိုက်(ရန်ကုန်)၌ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်ကျင်းပ  

ရန်ကုန် ဖေဖော်ဝါရီ ၁၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် တပို့တွဲလပြည့်နေ့ (မြန်မာ့သနပ်ခါးနေ့) အထိမ်းအမှတ်အနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအဖြစ် ပညာပေးအစီအစဉ်အဖြစ်  ဖေဖော်ဝါရီလ(၇)ရက်နေ့မှစ၍ မတ်လ(၃၁)ရက်နေ့ထိ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက် (ရန်ကုန်)၌ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအစီအစဉ်အဖြစ် ကျင်းပလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

အမျိုးသားပြတိုက် ( ရန်ကုန် ) ၌ “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ် ဒုတိယထပ် Lobby တွင် ရှားပါး မြန်မာ့သနပ်ခါး ကျောက်ပျဉ်နှင့်မှန်တင်ခုံများ၊ Holographic Fan များ၊ ၆၂ လက်မ ရှိသော TV  ဖြင့် အမျိုးသားပြတိုက် ( ရန်ကုန် )၏နေ့စဉ် သနပ်ခါးလှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများ၊ သနပ်ခါးသီချင်းများကိုပြသလျက်ရှိရာ မေရီချက်(ပ်)မင်း ဆွံ့အနားမကြားကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူများ ပြည်သူလူထုများ လာရောက်လေ့လာရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသားပြတိုက် ( ရန်ကုန် ) ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းနှင့် တာဝန်ရှိသူများက မြန်မာ့ သနပ်ခါး၏ အသုံးဝင်ပုံ၊ မြန်မာတို့၏နေ့စဉ်ဘဝအတွက် အရေးပါကြောင်း မြန်မာ့သနပ်ခါး၏ ထူးခြားမှုအကြောင်းများကို ပညာပေးဟောပြောပြီး လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများက ကိုယ်တိုင်သနပ်ခါးသွေး၍ ပျော်ရွှင်စွာ လိမ်းခြယ်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှု အစီအစဉ်ကို အမျိုးသားပြတိုက် (ရန်ကုန်)ရှိ ဒုတိယထပ် Lobby တွင် ရှားပါး မြန်မာ့သနပ်ခါး ကျောက်ပျဉ်နှင့် မှန်တင်ခုံများ၊ Holographic Fan များ၊ ၆၂ လက်မရှိသော TV  ဖြင့် သနပ်ခါး၏ ပညာပေးလှုပ်ရှားမှုအစီအစဉ်ကာလအတွင်း သနပ်ခါး လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများ၊ သနပ်ခါးသီချင်းများကို ပြသထားသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားရှင်အား နံ့သာမီးဖြင့် ပူဇော်ကြသည့် ဓလေ့ထုံးတမ်းအစဉ်အလာကို အစွဲပြု၍ ၂၀၂၁ ခုနှစ်တွင် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့ အဖြစ် သတ်မှတ်ပေးခဲ့သည်။ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်မှသည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်ဆီသို့ သနပ်ခါးသည် မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်တစ်ခုဖြစ်ပြီး မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုတွင် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရှိရန် လိုအပ်လျက်ရှိပါသဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များတွင် နိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိရာ သနပ်ခါးဆိုင်ရာ အထောက်အထား များကို ပြည်သူများမှပါဝင်ပြီး Practice of Thanakha Culture in Myanmar အချက်အလက်များ ဖြည့်သွင်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပြတိုက်များတွင် ထားရှိသည့် QR Code ကို Scan ဖတ်၍လည်းကောင်း၊ Online စာမျက်နှာ ( https://docs.google. com/forms/d/e/1FAIpQLSeWCYIUWDb2Om36LyK9e_mgyaA6VXz8xioVZKnFNUNv6jWSog/viewform)မှ Google Form တွင် သနပ်ခါးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းနိုင်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)