တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၄) ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးရှင်းလင်းခြင်းအခမ်းအနား ဆောင်ရွက်

တောင်ဥက္ကလာပ ဖေဖော်ဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁၄) ရပ်ကွက်၊ မုနိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး လှသိန်းက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများအား ရပ်ကွက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး၊  စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွင် အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်သော်လည်း လတ်တလောအမျိုးသမီးများ ပြည်သူ့စစ်မှုထမ်းနှင့် ပတ်သက်၍ ဆင့်ခေါ်ရန် မရှိသေးကြောင်း တရားဝင်ထုတ်ပြန်ပြောကြားထားသော်လည်း အများပြည်သူစိုးရိမ်ထိတ်လန့်စေမည့် သတင်းအမှားများကို လုပ်ကြံဖန်တီး‌‌ရေးသားထားခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် ဥပဒေအရာရှိ ဦးထွန်းလင်းဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်များနှင့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် တက်‌ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း‌ခဲ့ရာ တောင်ဥက္ကလာပမြို့နယ် ဥပဒေအရာရှိမှ ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှသိန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့  သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)