ခိုလမ် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်လျော့ချရေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဆွေးပုံပြုလုပ်နည်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တုန်ဟုန်းကျေးရွာအုပ်စု၊ (၂၉)မိုင်ကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လွိုင်လင်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းက အဖွင့်အမှာစကားနှင့် သီးနှံများအထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကိုဆွေးနွေးခဲ့ပြီး ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်နှင်းသူက ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများနှင့် (Trichoderma)ဇီဝသက်ရှိမှိုအသုံးပြု၍ မြေးဆွေးပုံပြုလုပ်နည်းများကို အသိပညာပေး ဟောပြောပေးခဲ့သည်။
ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်အေးအေးနှင်းက (EM)အသုံးပြု၍ ဘိုကာရှီ မြေဆွေးပုံပြုလုပ်နည်းနှင့် ခိုလမ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးမျိုးမြင့်ဦးက မီးခိုးမြူငွေ့အန္တရာယ်ဆိုးကျိုးများနှင့် ၎င်းဆိုးကျိုးများကိုလျော့ချနိုင်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများကို ထပ်မံအသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော တောင်သူများအား (Trichoderma)ဇီဝသက်ရှိမှို နှင့်(EM)အသုံးပြု၍ သဘာဝမြေဆွေးပုံပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နေလင်းထွန်း(ပြန်/ဆက်)