မိတ္ထီလာ ဖေဖော်ဝါရီလ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ဒုတိယရဲမှူး အောင်ကျော်မိုးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းဟောပြောခဲ့ပြီး အမှတ်(၁)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)မှ ဒုတိယရဲမှူး လှိုင်စိုးက လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုတို့၏ ခြားနားချက်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာသိကောင်းစရာများ၊ အသစ်ပြဌာန်းထားသော လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များ၊ Online ငွေကြေးလိမ်လည်ခိုင်းသည့် အလုပ်များတွင် ခေါင်းပုံဖြတ်ခံနေရမှုများ၊ ဒူဘိုင်(UAE)/ ကာတာနိုင်ငံများတွင် လုပ်အားခေါင်းပုံဖြတ်ခံနေရမှုအကြောင်းတို့အား ရှင်းလင်းဟောပြောခဲ့သည်။ ၎င်းနောက် လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များအား မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူအား ပေးအပ်ခဲ့ပြီး ဆရာဆရာများနှင့် ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ဒုတိယရဲမှူး အောင်ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)မှ ဒုတိယရဲမှူး လှိုင်စိုးနှင့် တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)